အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ၂၁ / ၂၀၁၉

၆ လအကြာ အင်တာနက်လိုင်းဖြတ် တောက်ခံထားရသည့် ရခိုင်ပြည်နယ်၊ မြို့နယ် ၄ ခုကို အင်တာနက် လိုင်းပြန်ဖွင့် ပေးရန်အတွက် ဆန္ဒပြလှုပ်ရှားမှု တစ်ခုကို ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ယင်းလူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီတွင် လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်များက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်မည့် အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုမောင်ဆောင်းခက နိရဥ္စရာသို့ ပြောသည်။

“ဒီအင်တာနက် ဖြတ်တောက်မှုက ကမ္ဘာမှာ အချိန်အကြာဆုံးလို့ ပြောလို့ရတယ်။ တော်တော့်ကို ကြာသွားပြီ ဖြစ်တဲ့ အတွက် အဲဒီအပေါ်မှာ အစိုးရအနေနဲ့ တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းဖို့ အရေးတကြီးလိုအပ်လာတယ်။ ပြီးတော့ ရွေးကောက်ပွဲနီးလာတဲ့အခါ အင်တာနက်ဖြတ်တောက်ထားတဲ့ ပြည်နယ်တွေရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှု အပေါ်မှာလည်း ကျွန်တော်တို့က စိုးရိမ်ပူပန်မှုတွေရှိတယ်။ ဒီဟာတွေအတွက် ကျွန်တော်တို့က လတ်တလောမှ အင်တာနက်ကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့အတွက် ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ကိုမောင်ဆောင်းခက ပြောသည်။

ဆန္ဒပြလှုပ်ရှားမှုအတွက် ရခိုင်ပြည်နယ် အရပ်ဘက်လူငယ်အဖွဲ့အစည်းများ၊ ရန်ကုန်ရှိ ရခိုင်လူငယ် အဖွဲ့အစည်း များလည်း ပါဝင်မည်ဖြစ်ပြီး အင်တာနက်ဖြတ်တောက်ခြင်းကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ ဆိုးကျိုးများကို ဟောပြောသွားမည်ဟု သိရသည်။

“ကျွန်တော်တို့က ရခိုင်ပြည်နယ်မှာ နေတဲ့လူတွေ မဟုတ်ဘူး။ဒါပေမယ့် ကျွန်တော်တို့ စဉ်းစားပြီးတော့ ကိုယ်ချင်း စာတယ်။ ရခိုင်ပြည်နယ်ဆိုရင် လက်ရှိမှာ စစ်ပွဲနဲ့ သက်ဆိုင်တဲ့ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေတာ မျိုးမှာ အင်တာနက် မရရှိသေးတဲ့ဟာ အခြေအနေတော်တော်ဆိုးရွားပါတယ်။သာမန်အခြေအနေမှာတောင် အင်တာနက် မရရှိတာဟာ လူထုရဲ့ အသက်အန္တရာယ်၊ ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး စသဖြင့် ဒါတွေဟာ ထိခိုက်မှု တအားကြီးမားတဲ့ အချိန်မှာ စစ်ပွဲပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ အင်တာနက် မရရှိတာဟာ ပိုလို့တောင် ဆိုးလာတယ်လို့ ကျွန်တော်တို့ မြင်တယ်”ဟု ကိုမောင်ဆောင်းခက ဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်နှစ်တင်းတင်း တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခဲ့သည်။

ယင်းအထဲမှ ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့မှာ စက်တင်ဘာလ ၁ ရက်နေ့တွင် အင်တာနက်လိုင်းပြန်လည်ရရှိခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် လက်ရှိအချိန်ထိ အင်တာနက်လိုင်း ဖြတ်တောက်ခြင်း ခံထားရဆဲဖြစ်သည်။

“မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံရတာက ပြည်သူရဲ့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ သက်ဆိုင်တယ်။သူတို့ ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ထိခိုက်မှုတွေ ရှိတယ်။ဒါကြောင့် ကျွန်မတို့ က ပြည်သူလူထုအတွက် အင်တာနက်လိုင်း ကို ပြန်ရရှိစေချင်တယ်”ဟု လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာအဖွဲ့ Free Expression Myanmar (FEM)မှ တာဝန်ရှိသူ ဒေါ်ချစ်နှင်းယု က နိရဥ္စရာ သို့ ပြောသည်။

အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် ရခိုင်မြို့နယ်လေးခုကို အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေး လိုင်းများ ကောင်းမွန်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန်အတွက်လည်း လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်အဖွဲ့ အစည်း ၁၉ ဖွဲ့က လက်မှတ်ရေးထိုးပြီး ယနေ့ ထုတ်ပြန်တောင်းဆိုခဲ့သည်။

“အင်တာနက်က ပြန်ဖွင့်ပေးရမယ်။ဆိုလိုတာက ဒါ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။ သတင်းအမှန်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သဘောသဘာဝတွေကို ပိတ်ပင်တယ်။အစိုးရသည် တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲနဲ့ ပြဿနာတွေကို ပိုပြီး ကြီးထွားအောင် လုပ်သလို ဖြစ်နေတယ်။ပြည်သူတွေကို လူကဲ့သို့ မြင်ဖို့ အရေး ကြီးတယ်။အဓိကတော့ လူသားရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝရရှိဖို့ အစိုးရမှာ တာဝန်ရှိတယ်။အဲဒါကြောင့် အင်တာနက်လိုင်းတွေကို ချက်ချင်းပြန်ဖွင့်ပေးဖို့ လိုတယ်”ဟု ရခိုင်လူငယ် လှုပ်ရှားသူ ကိုသန်းလှ က နိရဥ္စရာသို့ ပြောသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှုတွင် ပါဝင်သူများက အင်တာနက် ဖြတ်တောက်ခံရခြင်းနှင့် ပတ်သက်ပြီး တီရှပ်များကို ဝတ်ဆင်ပြီး ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ ဆန္ဒပြတောင်းဆိုကြမည်ဖြစ်ကြောင်း သိရသည်။

You may also like...