Mr. Sigve Brekke

ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်

တယ်လီနော

နေ့စွဲ – ဖေဖော်ဝါရီ (၁၅ )ရက်၊ ၂၀၂၂ ခုနှစ်။

နော်ဝေအခြေစိုက် တယ်လီနောအုပ်စုအနေဖြင့် တယ်လီနောမြန်မာအား အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်စပ်သော Investcom အား ရောင်းချရန် ပြင်ဆင်နေပြီး အသုံးပြုသူ ၁၈ သန်း၏ ဒေတာ အချက်အလက်များသည်လည်း Investcom မှတဆင့် အကြမ်းဖက်စစ်အုပ်စုလက်ဝယ်သို့ ကျရောက်ကာ အသုံးပြုသူများ၏ အသက်ကိုပါ ထိပါးနိုင်သည့် အန္တရာယ်  ရှိနေပါသဖြင့် ယင်းကဲ့သို့ ရောင်းချခြင်းမှာ မည်သို့မျှ သင့်တော်ခြင်းမရှိ၍ အရပ်ဖွဲ့အဖွဲ့အစည်းပေါင်း ၆၉၄ ဖွဲ့ လက်မှတ်ထိုးကာ  ရန်တန့်ရန် တောင်းဆိုချက်ပါဝင်သော ထုတ်ပြန်ချက်ချက်တစ်ရပ် ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထို့အတူ နော်ဝေအစိုးရနှင့် တယ်လီနော ကုမ္ပဏီအား ဦးတည်ကာ ရောင်းချရန် ပြင်ဆင်နေမှုကို ကန့်ကွက်သည့် သဘောထားကောက်ယူသည့် ကပိန်း တစ်ရပ်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်က စတင်ခဲ့သည်။ သို့ဖြစ်ရာ  အဆိုပါ အရပ်ဖက် အဖွဲ့အစည်းများ ကြေညာချက်နှင့် စတင် ကောက်ခံသည့် ၅ ရက်အတွင်း ကမ္ဘာနိုင်ငံ အသီးသီးမှ လူပေါင်း ၂၄၀,၀၀၀ ခန့် လက်မှတ်ထိုးကာ ကန့်ကွက်သည့် ကန့်ကွက်လွှာ ကို ​ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် သို့ ပေးပို့နိုင်ရန် အတွက် ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ပါသည်။​

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်အုပ်စု အောက်တွင် ဖိနှိပ်မှုမျိုးစုံ ကြုံတွေ့လျက်ရှိသည်။​ အာဏာသိမ်းရန် အကြမ်းဖက် ကြိုးပမ်းမှုကို ဆန့်ကျင်ကာ၊​ နိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဆန္ဒထုတ်ဖော်လျက်ရှိသည့် ပြည်သူများအား အကြမ်းဖက် စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊​ ပစ်သတ်ခြင်း၊​ ဖမ်းဆီး နှိပ်စက်ခြင်း၊​ လိင်အကြမ်းဖက်မှု ကျူးလွန်ခြင်း၊​ ပိုင်ဆိုင်သည့် အိုးအိမ်များ သိမ်းယူခြင်း တို့ အပါအဝင် ဖိနှိပ်မှုမျိုးစုံများအား မှတ်တမ်း ပြုကာ  နိုင်ငံတကာအဖွဲ့အစည်းများသို့ တင်ပြလျက်ရှိပါသည်။​ အဆိုပါ ဖိနှိပ်မှုများအောက်တွင် လက်ရှိ အချိန်ထိ ဖမ်းဆီးနှိပ်စက်ခံရသူများ သောင်းဂဏန်းကျော်ရှိပြီး​၊​ ထို့အပြင် ကလေးငယ်များအပါအဝင် ထောင်နှင့်ချီသည် အပြစ်မဲ့ပြည်သူများ အသက်ပေးသွားခဲ့ကြရပြီး ဖြစ်သည် ကို လူကြီးမင်း သိရှိပြီး ဖြစ်ပါလိမ့်မည်။

အကြမ်းဖက်စစ်အုပ်စုသည် ထိုကဲ့သို့ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်နက်မဲ့ ဆန္ဒ ထုတ်ဖော်မှုများ အပေါ် ဖိနှိပ်ရုံသာမက ပြည်သူလူထု၏ အင်တာနက်သုံးစွဲမှု၊ သတင်းအချက် အလက် မျှဝေလက်ခံနိုင်မှုများ အပေါ်တွင်လည်း တစ်နှစ်တာကာလအတွင်း ပုံစံမျိုးစုံဖြင့် နှိပ်ကွတ်ခဲ့ပါသည်။ ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း အလုံးစုံအင်တာနက် ဖြတ်တောက်ခြင်း၊ နေရာဒေသ အကန့်အသတ်ဖြင့် ဟန့်တားခြင်း၊ ၎င်းတို့ အသုံးမပြုစေလိုသည့် အင်တာနက်ပေါ်မှ ဝန်ဆောင်မှု များအား ဟန့်တား ပိတ်ပင်နှောက်ယှက်ခြင်း၊​ မိုဘိုင်း အင်တာနက် စျေးနှုန်းများ တိုးမြှင့်ခြင်း အပြင် ဥပဒေအမျိုးမျိုး ပြင်ဆင်ပြဌာန်းကာ ကန့်သတ်ထိန်းချုပ်ကာ ၎င်းတို့၏ ဒီဂျစ်တယ် အာဏာသိမ်းမှု ခိုင်မာအောင် လုပ်ကိုင်ခဲ့ပါသည်။​

အင်တာနက် အသုံးပြုမှုများအား ပိုမို ကန့်သတ်ခံလာရသည့် ကာလတွင်  မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှပ်နှံ ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလေးခု အနက် အကြမ်းဖက် စစ်တပ်နှင့် ဆက်စပ်သည့် MyTel ကဲ့သို့သော ဆက်သွယ်ရေး လုပ်ငန်းများကို ပြည်သူအများက သပိတ်မှောက်ကာ၊​ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို လေးစားသည်ဟု အများက လက်ခံထားသည့် နော်ဝေ အခြေစိုက် တယ်လီနော မြန်မာ၏ ဝန်ဆောင်မှုများအား  မြန်မာပြည်သူများက ယုံကြည်အားကိုး ခဲ့ကြပါသည်။​

မြန်မာနိုင်ငံသားများ ယုံကြည်အားကိုးခဲ့သည့် တယ်လီနော မြန်မာသည် အကြမ်းဖက် စစ်အုပ်စုလက်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ ကြုံတွေ့ရင်ဆိုင်နေရသော အတိဒုက္ခပေါင်းများစွာကို အနီးကပ် မြင်တွေ့နေရပါလျှက်နှင့် နိုင်ငံသားတို့၏ ယုံကြည်အားကိုးမှုတို့ကို လျစ်လျူရှု့ကာ တယ်လီနော မြန်မာ သည် မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာရန် ကြေညာခဲ့သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်နေသည့်အပေါ် ကျွန်ုပ်တို့အနေဖြင့် လွန်စွာ စိတ်ပျက်မိပါသည်။ ထို့အပြင် တယ်လီနော မြန်မာအား လက်လွှဲရောင်းချရန် ပထမဆုံး စီစဥ်ခဲ့သည့် ကုမ္ပဏီမှာ လူအခွင့်အရေး စံတန်ဖိုးလိုက်နာမှုတွင် ကောင်းမွန်သည့် သမိုင်းကြောင်း မရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊  လဘနွန်ဝန်ကြီးချုပ်ဟောင်း Najib Miakti ပိုင်ဆိုင်သည့် M1 Group  ဖြစ်ရာ၊​ အဆိုပါ ဆုံးဖြတ် ချက်သည် ၂၀၁၄ ခုနှစ်တွင် နော်ဝေဘုရင်မှ ပြောကြားခဲ့သော မိန့်ခွန်းတွင်လည်း နော်ဝေကုမ္ပဏီများ၏ မြန်မာနိုင်ငံ၊ နော်ဝေနိုင်ငံ သို့မဟုတ် နိုင်ငံတကာတွင် ထားရှိရမည့် လူမှုရေးဆိုင်ရာ ကတိကဝတ်များနှင့် ယှဉ်ထိုးစဉ်းစားပါက မည်သို့မျှ သင့်လျှော်သော လုပ်ရပ်တစ်ခု မဖြစ်ခဲ့သည့် အကြောင်းကို ကျွန်ုပ်တို့် ပထမအကြိမ်ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။

Myanmar Now သတင်းဋ္ဌာန၏ သတင်းဖော်ပြချက်များအရ M1 နှင့် အတူ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုပိုင် လုပ်ငန်းများနှင့် ဆက်စပ်ရုံသာမက၊​ US၊ UK နှင့် EU တို့တွင် စီးပွားရေး ပိတ်ဆို့ခံထားရသည့် လုပ်ငန်းများနှင့်ပါ ဆက်စပ်သည့် “ရွှေဗျိုင်းဖြူ” လုပ်ငန်းစုက ပူးတွဲပိုင်ဆိုင်သည့် “Investcom” ကုမ္ပဏီအား တယ်လီနော မြန်မာကို မကြာမီ ရောင်းချကာ တယ်လီနော မြန်မာ အသုံးပြုသူများ၏ အချက်အလက်များကို အဆိုပါ အကြမ်းဖက် စစ်အုပ်စုက နောက်ကွက်က လွှမ်းမိုးမှုရှိသည့် ကုမ္ပဏီသို့ လွှဲပြောင်းရန် စီစဥ်နေကြောင်း ကြားသိရသည်။​

တယ်လီနော မြန်မာအား ယုံကြည်စိတ်ချစွာ သုံးစွဲခဲ့သည့် သုံးစွဲသူများ၏ အချက်အလက်များ၊ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် အသုံးပြုမှုဆိုင်ရာ မှတ်တမ်းများ အပါအဝင် Mobile Banking အသုံးပြုမှုဆိုင်ရာ အချက်အလက်များအား ယင်းရောင်းချမှုအတွင်း မည်သို့ထည့်သွင်းခဲ့သည် (သို့မဟုတ်) မည်သို့ အကာအကွယ်ပြုခဲ့သည်ကိုပင် တယ်လီနောမြန်မာ အနေဖြင့် သုံးစွဲသူများထံ ရှင်းလင်းစွာ ထုတ်ဖော် ပြောကြားခြင်း မရှိရာ၊ အဆိုပါ ရောင်းချမှု အစီအစဥ် အတည်ဖြစ်လာပါက တယ်လီနော မြန်မာ သည် ၎င်းတို့ ဝန်ဆောင်မှုအား ပြောင်းလဲ သုံးစွဲခဲ့ကြသည့် မြန်မာပြည်သူ ၁၈ သန်းကျော်၏ ယုံကြည်မှုကို လစ်လျူရှုရုံမက၊​ စီးပွားရေးလုပ်ငန်းများ၏ သုံးစွဲသူများအပေါ် ထားရှိရမည့် ကျင့်ဝတ်များ၊ ပြည်တွင်း ပြည်ပ နိုင်ငံတကာ လူအခွင့်အရေး ဆိုင်ရာ လေးစားလိုက်နာရမည့် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်သည့် လုပ်ဆောင်ချက် ဖြစ်ပါသည်။ 

တယ်လီနောကုမ္ပဏီသည် နော်ဝေအစိုးရကိုယ်တိုင် ၅၄ ရာခိုင်နှုန်းနီးပါး ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်း တစ်ခုဖြစ်ရာ တယ်လီနောကုမ္ပဏီ၏ မြန်မာနိုင်ငံနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်သည် စီးပွားရေးလုပ်ငန်းများ တာဝန်ခံရန် လိုအပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များအား ဖောက်ဖျက်ခြင်း သာမကပဲ နော်ဝေ နိုင်ငံ၏ နှစ်ပေါင်းမြောက်များစွာ တည်ဆောက်ထားသည့် လူအခွင့်အရေးဆိုင်ရာ လေးစားလိုက်နာ မှုတွင် ကောင်းမွန်သည့် သမိုင်းကြောင်းတွင် ဖျောက်ဖျက် မရနိုင်သည့် သမိုင်းအမဲစက်ကြီး ပေါ်ပေါက်လာစေ နိုင်ပါသည်။ 

ကုမ္ပဏီ အမည်ကောင်းကိုသာမက နော်ဝေနိုင်ငံ၏ သမိုင်းတွင် မျိုးဆက်သစ်တို့အတွက် အရှက်ရဖွယ်ရာ ကောင်းသော သမိုင်းအမဲစက်ကြီးအား ရှောင်လွှဲနိုင်ရန် Telenor Global CEO အနေဖြင့် အချိန်မီ ပြင်ဆင်နိုင်စေရန်အတွက် ကျွန်ုပ်တို့ ယခုအိတ်ဖွင့်ပေးစာ ပေးအပ်ကာ ကျွန်ုပ်တို့ တောင်းဆိုချက်များကို လိုက်နာ လုပ်ဆောင် ပေးပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။

အိတ်ဖွင့်ပေးစာနဲ့ အတူ အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက် နှင့် ကန့်ကွက်စာ ကိုပါ ပူးတွဲ ပေးပို့အပ်ပါသည်။

လေးစားစွာဖြင့်

လက်မှတ် ရေးထိုးသည့် ၆၉၄ အရပ်ဖက် အဖွဲ့ အစည်းများနှင့်  ကန့်ကွက်စာ လက်မှတ်ထိုးသည့် ၂၄၀,၀၀၀ ခန့် သော ပြည်သူများ

  • မိတ္တူကို အောက်ပါ အဖွဲ့အစည်းများအား ပေးပို့အပ်ပါသည်။​

၁။ နော်ဝေ ဝန်ကြီးချုပ်၊​ နော်ဝေ အစိုးရအဖွဲ့

၂။ နော်ဝေ လွှတ်တော် (လွှတ်တော် ကိုယ်စားလှယ်အားလုံး) ​

၂။ Tom Andrews, United Nations Special Rapporteur on the Situations of Human Rights in Myanmar

၃။ Ana Brian, United Nations Special Rapporteur for Privacy

၄။ Irene Khan, United Nations Special Rapporteur for Freedom of Expression and Opinion

၅။ Mary Lawlor, United Nations Special Rapporteur on the situation of human rights defenders

၆။ Clement Voule, United Nations Special Rapporteur on the Rights to Freedom of Peaceful Assembly and of Association  

၇။ Bjørn Erik Thon, Director, Norway Data Protection Authority (DPA)

၈။​ Ranieri Sabatucci, EU Ambassador to Myanmar

၉။​ Hilde Solbakken, Royal Norwegian  Ambassador to Myanmar 

၈။ တယ်လီနော၏ အဓိက ရှယ်ရာဝင်များ

  • နော်ဝေ အစိုးရ
  • Folketrygdfondet
  • BlackRock Institutional Trust Company, N.A
  • DNB Asset Managem AS
  • The Vanguard Group, Inc
  • DWS Investment GmbH
  • Caisse de Depot et Placement du Quebec
  • Storebrand Kapitalforvaltning AS
  • KLP Forsikring
  • Lazard Asset Management, L.L.C.

၉။ Rita Skjaervik, Senior Vice President – Head of Group Strategy & External Affairs, Telenor

၁၀။ Anita Househam, Director, Human Rights, Telenor

၁၁။ Cathrine Stang Lund, Communications Director, Telenor ၁၂။ Jon Omund Revhaug, CEO, Telenor Myanmar

Categories:

Tags:

No responses yet

Leave a Reply

Your email address will not be published.